မိုးတိုးမတ်တပ် လျှောက်လမ်းများထက်
မာနသက်သက်နဲ့ချီတက်ရင်း
ဆုံးရှုံးခြင်းများကအင်တိုက်အားတိုက်
ပြိုက်ပြိုက်ကျခဲ့တဲ့နှလုံးသွေးစက်များ...
အဖြားယောင်းခံ စိတ်ဝိညာဉ်က
ကန္တာရ လွင်ပြင်တစ်ခုလို..ဟာလာ ဟင်းလင်း..
သက်ပြင်းတွေပဲ ပွင့်ဖူးခဲ့ပေါ့...။
ထပ်တလဲလဲ ကျွမ်းမြေ့နေတဲ့ အိပ်မက်တွေ...
တစ္ဆေတစ်ကောင်လို အလင်းကြောက်နေတဲ့
လေးတွဲ့တွဲ့ပန်းတိုင်တွေ...
အရှက်ပြေအပြုံးနဲ့ မျက်နှာဖုံးတပ်ထားတဲ့နှုတ်ခမ်းတွေ...
လေပြေလာလိမ့်နိုးနဲ့မျှော်ကိုးခဲ့ရတဲ့ မုန်တိုင်းရမ်းကား ညတွေ...
မကျေမနပ်တိုးဝှေ့ရင်း
ဝေးလွင့်ခြင်းလမ်းမများကပဲ..
ရှည်လျားသထက် ရှည်လျားလာခဲ့ပေါ့..
အလင်းရောင်ဖျော့တော့နေတဲ့
နွမ်းယဲ့ယဲ့ ဘ၀ကိုစိတ်ကုန်လိုက်တာ...။
ကြင်နာစွာ ချော့မော့ ချွေးသိပ်
ငါ့ အိပ်မက်ကို အဆိပ်ဖြေပေးသူလေးရေ...။
တွေဝေစေမယ့် မနက်ဖြန်တွေကိုရိတ်သိမ်းဖို့
ရင်ထဲမှာ ကိန်းဝပ်နေတဲ့ ကာရန်များ...
ရိုးသားစွာ ဖွင့်အန်လိုက်ပါရဲ့..။
ဒုက္ခနဲ့ သုခဟာ ရင်ချင်းဆက် အမြွှာဆိုတာ
သေချာသိလိုက်ရတဲ့ ..နောက်ပိုင်း..
အတိတ်ရိုင်းတွေ နင်းဖြတ်ပြီး
အနာဂတ်ကောင်းတွေရင်ဆိုင်ထွေးပွေ့ဖို့
ဒီနေ့ပို့လိုက်တဲ့ ကာရန်တွေ..
ကဗျာဆန်ချင်မှ ဆန်လိမ့်မယ်..
မနက်ဖြန် ဆက်ဖတ်ကြည့်ပြီးမှ
မှတ်ချက်တစ်ခုခု ချလိုက်ပါ...။
"ဘ၀ဆိုတာ ..ကဗျာတစ်ပုဒ်" လို့
နှောင်ကြိုးတင်းတင်း တုပ်ထားတဲ့..
ငါ့အလင်းအိမ်ရဲ့သိမ်မွေ့မှုကို..
မင်း..ထိတွေ့ပြီးတဲ့..အခါ...။
"ဘ၀ထဲမှာ..ကဗျာရှိတယ်"လို့
ဖက်တွယ်ထားတဲ့ ..ငါ့ မဏ္ဍိုင်ရဲ့..
ခိုင်မာ သိပ်သည်းမှုကို ..
မင်း..တွေ့ရှိပြီးတဲ့ ..အခါ...။
***Yatu Thit***
(14.8.2012--7:30 PM)
ညစ်နွမ်းပုပ်အဲ့ အမှည့်လွန်နေတဲ့ အမှိုက်ပုံတွေ
သီတာခုနစ်တန်ကျော်ဖြတ်ရေးထက် ခက်ခဲနေပုံရတဲ့
ပလပ်စတစ် တံတိုင်းကာ ရေနှုတ်မြောင်းက ရေနက်နက်တွေထဲ
ပိုးလောက်လန်းတွေ ငြိမ်းချမ်းမှုရှာတွေ့နေခဲ့ကြ..။
အန္တရာယ်ကိုကာကွယ်ရင်းအဆိပ်သင့်ခံရမယ့် ဖော်မြူလာကို
ဘယ် ပညာရှင်တွေကဖော်ထုတ်ခဲ့လဲ?
နဂိုရ်ကအဆုတ်မသန့်ရတဲ့အထဲ
နူရာဝဲစွဲစေမယ့် ခြင်ဆေးခွေတွေ..ကြော်ငြာအားကောင်းခဲ့တယ်။
အစစ် အစစ် ကိုလိုက်ရှာရတာမလွယ်ပါလား?
တဆစ်ဆစ် နဲ့ နာကျင်ခံခက်လိုက်တာ...
အစစ်ပါလို့အသံကောင်းဟစ်ပြီး ညစ်ကျယ်ကျယ်အစ်နေတဲ့" အစစ်တု "တွေ...
ထုဆစ်ခဲ့တဲ့သမိုင်းနောက်လူတွေအတွက်မရိုင်းရင်တော်ပြီ..။
ရွှေရင်ဖုံးတုံ့ မဖုံးတုံ့ မလုံ့တလုံ မလေးတွေနဲ့
မြို့ပြက ရဲတင်းခဲ့ပေါ့..
တွံ့တေးသိန်းတန် လိမ်းပေးခဲ့တဲ့ အမေ့ပါးကသနပ်ခါး လည်း
မှုန်ဝါးဝါးပဲကျန်တော့တယ်..။
အမေလူထုဒေါ်အမာရဲ့" အမေ့ရှေးစကား "တွေလည်း..စာအုပ်ဆိုင်ထဲမှာ
ရှေးစကား အဖြစ်နဲ့ပဲ လည်းလျောင်း အနားယူနေပြီလား
ဘီကီနီဝတ်မြို့ပြရဲ့ရှန်ပိန်လူးရီဝေနေတဲ့မျက်နှာကို
ဘယ်သူတွေ မိတ်ကပ်လိမ်းပေးလိုက်တာလဲ...။
သီချင်းရဖို့မလိုဘူး..ပန်းကုံးများများစွပ်ရင်ရပြီ အစ်ကို..ဆိုမှတော့
သီချင်းဝါသနာပါသလိုလိုနဲ့ သူဝါသနာပါတာကိုပဲလုပ်သွားတဲ့
အဆိုတော်ယောင်ဆောင်ပြီး မိုက်တစ်လုံးနဲ့ မိုက်လုံးကြီးနေတဲ့လူကြီးကြီးတွေ
အသက်သာကြီးပြီးဦးခေါင်းသေးနေတဲ့ကိစ္စ
ဘယ်ပြုပြင်ရေးမှာပြရမလဲ...
မြို့ပြညချမ်းတွေက ကျောချမ်းစရာတွေပြည့်လာတယ်...။
နိုင်ငံတော်သီချင်းဆိုမှပဲ "တို့ပိုင်တဲ့မြေ" လို့မရဲတရဲဟစ်အော်မိပေါ့
ရေကြည်ရာမျက်နုရာ ရှာလာတဲ့စိမ့်ဝင်မှုတွေကြောင့်
"မြွေပူရာကင်းမှောင်"့သလိုကြောင့်ကြများခဲ့ရ
နောက်ဆုံးတော့...ရေနောက်ရာ..မျက်ခြောက်ရာမှာပဲ ဖြစ်သလိုရွှေ့ပြောင်းလိုက်ရတယ်...။
အမျိုးသားပညာဝန်ကြီးတစ်ဦးရဲ့ ကိုယ်တွေ့တစ်ပုဒ်က
ခလုတ်မနှိပ်ပဲထမြည်လာခဲ့ပေါ့
မှန်းစမ်း.."ဘူးသီးကြော် သရဏံ ဂစ္ဆာမိ "ဆိုပါလား
ဘုရား..ဘုရား အကြိမ်ကြိမ် တ မိသွားခဲ့
အနာဂတ်တစ္ဆေရဲ့ ခြောက်လှန့်မှုက သွေးပျက်ထိတ်လန့်စရာ...
ပလပ်စတစ်..မယ်လမင်း နဲ့ထုဆစ်ထားတဲ့ ရုပ်ဝတ္ထုတွေ...လှိမ့်ချပြီးမှ
တလိမ့်ချင်း တ၀ုန်းဝုန်းအတားအဆီးမဲ့...။
မြစ်ဆုံရဲ့ရယ်သံကိုရိုက်ချိုးမယ့်..အဆိပ်
ဓာတ်ငွေ့စားရမှ အားပြည့်မယ့်..အဆိပ်
တွင်းထွက်..တောင်ထွက်..တောထွက်ပစ္စည်းများ..
ဝါးမျိုရင်း ငြိမ့်နေတဲ့..အဆိပ်..တွေ..
တရိပ်ရိပ် တလိပ်လိပ်ပြန့်ကျဲမှ
အော်ဟစ်ရုန်းကန်ရင်းဗိုင်းဗိုင်းလဲကျမယ့်မြို့ပြကို မကြည့်ရက်ဘူး..။
တကယ်ဆို..ငါတို့ဟာ..
ခြင်္သေ့မင်းရှေ့ရောက်နေတဲ့ ယုန်သူငယ်လို
နှာစေးနေလို့မဖြစ်ဘူး..။
မျက်စိဖွင့်..နားစွင့်ကြရင်း
''အဆိပ်သင့်မြို့ပြ"'ကို ကုစားမှဖြစ်တော့မယ်လေ..။
့
အကြင်နာအေးရိပ်
မှေးမှိတ်လှည့်ပါ
ဒဏ်ရာကုစား
မင်းပြန်သွားလည်း
တရားနဲ့ဖြေ
အေးအေးနေမည်...
ငါ့ အကြင်နာဖြူစင်သည်။